19.5.18

သင်းကွဲခရေ


" ဘလော့ဂါတစ်ယောက်အတွက် အမှတ်တရရေးပေးတဲ့ ဘလော့ဂါ " ဆိုတဲ့ ဆူးသစ်ရဲ့တဂ်ပို့စ်
ဘလော့ဂ်တစ်ခေတ်ဟာ ကျွန်မရင်ထဲမှာ အမြဲကိန်းအောင်းနေလျက်ပါ။ သတိရတိုင်း ဘလော့ဂ်ရွာထဲကို အလည်ရောက်တတ်တယ်။ တိတ်ဆိတ်သွားတဲ့ ဘလော့ဂ်ရွာလေး ပြန်စည်လာဘို့ရာ  ဘလော့ဂ်ဂါတွေကို အကြိမ်ကြိမ်ဆွဲခေါ်ဘူးခဲ့ပေမယ့် အားမတန်လို့ မာန်လျော့ခဲ့ရတာကြာပေါ့။ ဆူးသစ်ရဲ့ တဂ်ပို့စ်လေးကို ဖတ်တဲ့ညက အလုပ်မှာလည်း ပင်ပမ်းလာတာမို့ စိတ်ကရေးချင်နေပေမယ့် ခန္ဓာကိုယ်က မလိုက်နိုင်ခဲ့ဘူး။ ဘလော့ဂ်ရွာကြီးကို အလည်လာဘို့ ကျွန်မဖိတ်ခေါ်လိုက်တိုင်း ငြိမ်နေတဲ့ ရေပြင်မှာ လှိုင်းကြက်ခွပ် အရိပ်အယောင်လေးတွေ ပေါ်ပေါ်လာတယ် ဒါပေမယ့်တခဏအတွင်း  ပြန်ငြိမ်ကျသွားတဲ့ ရေပြင်လေးမှာ  လှိုင်းကြက်ခွပ်လေးတွေ နောက်ထပ်ပေါ်လာလေမလားလို့ မျှော်ခဲ့မိတာ အခါခါ။ 
ကျွန်မတော့ဘလော့ဂ်ဂါ အယောက်တိုင်းအတွက် အမှတ်တရလေးတွေ ခြေရာချန်ချင်တာကြောင့် ဆုံခဲ့ဘူးတဲ့ ဘလော့ဂ်ဂါတိုင်းကို အော်တိုစာအုပ်သဘောမျိုး စာစုလေးတွေရေးခိုင်းရင်း ဘလော့ဂ်ဂါ နံပါတ်လေးတွေ ပေးခဲ့ဘူးတယ်။ ဘလော့ဂါတစ်ယောက်ရယ်လို့ ကိုယ့်ကိုယ်ကို အမည်ပေးခဲ့တဲ့နေ့က ကျေနပ်မှု ၀မ်းသာပီတိဖြစ်မှုတွေ ပြန်တွေးရင်တောင် ၀မ်းသာကျေနပ်မှုတွေ အခုထိမပျောက်ပြယ်သေး။ အကြောင်းရင်းက တစ်ကြိမ်တစ်ခါမျှ မတွေ့ဘူးကြသေးတဲ့ ဘလော့ဂ်ဂါတွေ အပြင်ဘက်မှာဆုံကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး ငယ်ငယ်ထဲက ကွဲကွာသွားခဲ့တဲ့ ငယ်ကျွမ်းဆွေတွေလို အားရ၀မ်းသာနှုတ်ဆက်ကြတယ်။ တစ်ဦးအပေါ်တစ်ဦး သိတတ်မှု နားလည်မှု ပေးတတ်ကြသလို ဖြူစင်တဲ့စိတ်ရင်းကို အုတ်မြစ်ချထားတာမို့ ခိုင်မာကျစ်လစ်တဲ့ ချစ်ခင်ရင်းနှီးမှုများ ကိုယ်စီကိုယ်စီ ပိုင်ဆိုင်ခွင့်ရကြတယ်လေ။ ဒီအပြင် ဘလော့ဂ်ဂါ တစ်ယောက်က  တဂ်ပို့စ်တင်ပြီဆိုရင် တဂ်ခံရသူက အားကြိုးမာန်တက် တဂ်ပို့စ်ကို ရေးတတ်ကြတယ်။ ဘလော့ဂါထဲက ဘလော့ဂါဖြစ်တဲ့ ကျွန်မ တစ်ရေးနိုးလည်း ထရေးဖြစ်သလို ရေးဘို့စာသားတွေကလည်း တကူးတက ရှာဖွေနေစရာမလိုပဲ သူ့အလိုလိုအစီအရီ ဦးနှောက်ထဲကို ရောက်လာတတ်တယ်။ ဘလော့ဂ်ဂါ အများစုက အတွေးလေးတွေ တူညီကြသလို လှုပ်ရှားမှုလေးတွေလည်း တစ်ထပ်တည်းကျတတ်ပြန်တယ်။ ဥပမာ ခေါင်းစဉ်တစ်ခုရဘို့ အချိန်တွေဘယ်လိုကုန်ပုံ၊ ပို့စ်တင်ဘို့ရေးရင်း ထမင်းစားချိန်လွန်သွားတာမျိုး နှေးကွေးလှတဲ့ ကွန်နက်ရှင်ကို အံတုရင်း ညဥ့်သန်းခေါင်ယံတိုင် မလျှော့တဲ့ဇွဲနဲ့ ကြိုးစားကြပုံတွေ။
ဘလော့ဂါအတော်များများရဲ့ ပို့စ်လေးတွေဟာ ဖတ်ပြီးသွားရင် မှတ်သားစရာလေးတစ်ခုခု ရင်ထဲမှာ စွဲပြီးကျန်တတ်လေ့ရှိတယ်။ ဘလော့ဂ်ဂါတစ်ဦးဖြစ်တည်ခွင့် ရခဲ့တာကြောင့်လည်း “ဖြတ်သန်းခဲ့သော ဘ၀ရဲ့နေ့ရက်များ” ဆိုတဲ့ ကိုယ်ရေးအကျဉ်း စာအုပ်တစ်အုပ်ကို ကျွန်မလက်တွေ့ ထုတ်ဝေနိုင်ခဲ့တာကို ပြန်တွေးမိတဲ့ အချိန်အခါတိုင်း ရင်မှာဖော်ပြလို့မရနိုင်တဲ့ ကြည်နူးမှုတွေ ဝေဆာနေဆဲပါ။ စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ထုတ်နိုင်ခဲ့တဲ့ ဘလော့ဂ်ဂါများကိုလည်း အားကျလေးစားမိတယ်။
လွန်ခဲ့တဲ့တစ်နှစ်ကျော်ကပေါ့ ခြံထဲမှာရှိတဲ့ ခရေပင်လေးတွေရဲ့ ပွင့်ဖတ်အသွင်ကွဲပြားမှုလေးတွေနဲ့ ပတ်သက်ပြီး တင်ခဲ့ဘူးတာ တစ်ချို့လည်းမှတ်မိကောင်းမှတ်မိပါလိမ့်မယ်။ ကျွန်မချစ်ခင်လေးစားရတဲ့ ဘလော့ဂ်ဂါများကို ပုံပမာနှိုင်းရရင်ဖြင့် ခံယူချက်လေးတွေကွဲပြီး ကိုယ်အားသန်ရာကို ရွေးချယ် ခြယ်မှုန်းပြီး ပို့စ်လေးတွေကို အမျိုးမျိုးတန်ဆာဆင်ကြတဲ့ ဘလော့ဂ်ဂါများ။ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ တစ်ခါက ကျွန်မရေးခဲ့ဘူးတဲ့စာသားလေးလိုပေါ့ “ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ" လို့ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ဘူးတယ်။ တဂ်ပို့စ်လေးကို ဒီမှာတင်အဆုံးသတ်ပါရစေ ဆူးသစ်ရေ။

အခုတဂ်ပို့စ်လေးကို ဖတ်မိသွားတဲ့ ဘလော့ဂါတိုင်းကို ဆက်ပြီးတဂ်လိုက်ပြီနော် ^_^

သင်းကွဲခရေ-
အမည်နာမ တူညီကြလည်း
ကွဲပြားရုပ်ဆင်း ယိုယွင်းအင်္ဂါ
ရှိပင်ရှိငြား ကြွေကြွေဝေေ၀
မွှေးထုံစေသည် ပင်ထက်မှာနေ ထိုပန်းခရေ။
ပမာနည်းကို ဖွင့်ဆိုရင်မှာ
ဘ၀တိုတို ထိုထိုလူသား
ခံယူချက်ကွဲ ရှိနေကြလည်း
ပင်ကိုယ်စွမ်းအား ရှိပြီးသားမို့
မေတ္တာမျှဝေ တောင်းဆုချွေသည်
ဘလော့ဂ်ဂါအများ အေးချမ်းကြစေသား။
စာဖတ်သူအပေါင်း ကိုယ်စိတ်နှစ်ပါးကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

တီတင့်(စက်မှုတက္ကသိုလ်)
၁၉-၅-၂၀၁၈ (စနေနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz